အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SMES) ၊ သီလ၀ါ
အထူးစီးပွားရေး ဇုန်အဆင့်(၂)နှင့် ရေပေးဝေရေး စီမံကိန်း လုပ်ငန်း
သုံးခုအတွက် ဂျပန်ယန်း ဘီလီယံ (၃၀)ချေးယူထားကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာနထံမှ
သတင်းရရှိသည်။
အဆိုပါ ချေးငွေကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (JICA) ထံမှ ချေးယူခြင်းဖြစ်ကာ ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်း ချေးငွေအား အသုံးပြုခွင့် ရမည်ဖြစ်ကြောင်း သိရသည်။
““အဓိက ကသူတို့ (JICA) ဘက်က ချေးငွေကို နှစ်ရှည်ပုံစံများနဲ့ ချေးပေးတဲ့ အပြင် စီမံကိန်း တစ်ခုချင်း အလိုက် နည်းပညာပိုင်းလည်း ကူညီပေးသွားဖို့ နှစ်ဖက် သဘောတူ ထားပါတယ်””ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်းက The Messenger Media သို့ပြောသည်။
ချေးငွေအတွက် အတိုးနှုန်းကို တစ်နှစ်လျှင် (၀ ဒသမ ၀၁) ရာခိုင်နှုန်းဖြင့် ဆိုင်းငံ့ကာလ(၁၀)နှစ်နှင့် ပြန်ဆပ်ကာလ နှစ်(၃၀)၊ စုစုပေါင်း သက်တမ်းနှစ်(၄၀) နှစ်ရှည် ချေးငွေအဖြစ် သတ်မှတ်ထားကြောင်း ၎င်းက ပြောသည်။
““အဲဒီချေးငွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အဆင့်မှာ ကော်မတီဖွဲ့ ထားတာတော့ ရှိတယ်။ ဒါပေမဲ့ ဒီနေ့အချိန်ထိတော့ ကျွန်မတို့ဌာနကို လွှဲမပေးသေးဘူး”” ဟု အသေးစားနှင့် အလတ်စားလုပ်ငန်း များ ဖွံ ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဒေါ်အေးအေးဝင်းက ဆိုသည်။
အထက်ပါ ဂျပန်ယန်း ဘီလီယံ(၃၀) ကျော်အား ပြန်လည် အသုံးပြုမည့် (SME)လုပ်ငန်း၊ သီလ၀ါ အထူးစီးပွားရေးဇုန် အဆင့်(၂) ဖော်ဆောင်ရေးနှင့် ရေပေးဝေရေး စီမံကိန်းသုံးခု အနက်မှ ရန်ကုန်မြို့ရေပေးဝေရေး အတွက်သာချေးငွေ ခွဲတမ်းအား ဇူလိုင်လ(၁၅)ရက်က လက်မှတ်ရေးထိုး လွှဲအပ်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများ၌ ဖော်ပြထားသည်။
Messenger News Journal

Myanmar Kyat Exchange Rate
No comments:
Write comments