အမေရိကန်အခြေစိုက် Citi Group Inc နှင့် Standard Chartered ဘဏ်တို့က
မြန်မာနိုင်ငံကို Credit Rating (ချေးငွေပေးရန် စိတ်ချရမှု အကဲဖြတ်ချက်)
သတ်မှတ်နိုင်ရန် အကြံပေးကူညီမည်ဟု သတင်းရရှိသည်။
ယင်းသို့ကူညီခြင်းအားဖြင့် Fitch, Moody's နှင့် Standard & Poor's စသည့် Credit Rating သတ်မှတ်သည့် ဘဏ္ဍာရေးဆိုင်ရာ အေဂျင်စီများက သတ်မှတ်သည့် တရားဝင် Credit Rating ကို မြန်မာနိုင်ငံရရှိနိုင်မည်ဟု ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။
ယင်း Credit Rating ရရှိလျှင်မြန်မာနိုင်ငံ၏ အစိုးရငွေကြေးစာချုပ်များ နိုင်ငံတကာတွင် ထုတ်ရောင်းနိုင်မည် ဖြစ်သည်။ သို့သော်ယင်းလုပ်ငန်းအဆင့်အတွက် အချိန်တစ်နှစ်ခန့်ကြာမည်ဖြစ်ပြီး အထက်ပါဘဏ္ဍာရေးအေဂျင်စီများ က Credit Rating သတ်မှတ်ရာတွင် လိုအပ်သည့် အရည်အချင်း သတ်မှတ်ချက်များကို မြန်မာနိုင်ငံ ပြည့်မီရန် အထက်ပါဘဏ်များက ကူညီပေးမည် ဖြစ်သည်။ ယင်းကဲ့သို့ အကဲဖြတ်သတ်မှတ်ချက်ရရှိ ပါက နိုင်ငံတကာလုပ်ငန်းရှင်များထံ မြန်မာအစိုးရငွေကြေးစာချုပ် များ ဈေးကွက်ဖြစ်လာမည်ဟု ရိုက်တာသတင်းက ဆိုသည်။
အထက်ပါ Credit Rating ရရှိရေးသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့်အချက်ဖြစ်ပြီး မြန်မာနိုင်ငံကို စတင်သတ်မှတ်ရာတွင် အမြင့်ဆုံးအဆင့်အနေဖြင့် ဘီ (B) အထိ ရနိုင်ကြောင်း အမေရိကန်လွှတ်တော်မြန်မာ့စီးပွားရေးအကြံပေး ဒေါက်တာ ရှောင်တာနဲလ်က ပြောသည်။ အဆင့်ဘီဆိုသည်မှာ ရင်းနှီးမြှုပ်နှံရန် လုံခြုံစိတ်ချရသည့် အဆင့်အောက်လေးဆင့်ခန့်တွင်ရှိသောအဆင့်ဖြစ်ပြီး စိတ်ကူးယဉ်ပြီး ရင်းနှီးမြှုပ်နှံရသည့် အဆင့်ထက်ပိုသည်ဟု ၎င်းက ဆိုသည်။ Credit Rating ရရှိသည့် နိုင်ငံများသည် ပထမဦးဆုံးအနေဖြင့် အစိုးရစာချုပ်များကို အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ခန့် ရောင်းလေ့ရှိကြောင်း ဒေါက်တာရှောင်တာနဲလ်က ပြောသည်။
Credit Rating အတွက် စောင့်ဆိုင်းနေပြီး ရှေ့ဆက်လုပ်မည့်အစီအစဉ်ကို အသေးစိတ်စီ စဉ်ထားခြင်းမရှိသေးကြောင်း ဗဟိုဘဏ်အရာရှိတစ်ဦးက ပြောသည်။ ‘‘Credit Rating က တစ်ကမ္ဘာလုံးရှိနေပြီးသားပါ။ မြန်မာတစ်နိုင်ငံပဲ ကျန်တော့တာ။ ဒါမရှိရင် ဘယ်နိုင်ငံမှ ငွေချေးချင်မှာမဟုတ်ဘူး။ ဒါမြန်မာ့စီးပွားရေးအတွက် အရေးပါတယ်။ သူတို့ဘယ်အဆင့် သတ်မှတ်မလဲဆိုတာ ကြည့်ရဦးမယ်’’ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌဟောင်း ဦးသန်းလွင်ကပြောသည်။

Myanmar Kyat Exchange Rate
No comments:
Write comments