Monday, July 20, 2015

ဗဟိုဘဏ်ရဲ့ ဒေါ်လာဈေး တိုးမြှင့်သတ်မှတ်မှုဂယက် ဘယ်အချိန်အထိ ဆက်မှာလဲ

 

ပြင်ပဈေးကွက်နှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်မည်ဟုဆိုကာ ဗဟို ဘဏ်က နေ့စဉ်သတ်မှတ် ပေးနေသည့် အမေရိကန်ဒေါ်လာ ဈေးနှုန်းကို ပြင်ပဈေးကွက် ပေါက်ဈေး ၁၂၂၀ ကျပ်ခန့်နှင့် လိုက်လျောညီထွေ ဖြစ်နိုင်သော နှုန်းထားအဖြစ် အမေရိကန် တစ်ဒေါ်လာလျှင် ဇူလိုင် ၁၃ ရက်မှ စတင်၍ ၁၁၂၅ ကျပ်မှ ကျပ် ၁၂၀၀ အဖြစ် ကျပ် ၇၅ ကျပ်ခန့် မြင့်မားစွာ ဆွဲတင်ကာ ဗဟိုဘဏ်က ရုတ်ခြည်း ခုန်တက်လိုက်သည်။
ထိုသို့ ဗဟိုဘဏ်က သတ်မှတ်သည့်အတွက် အဆင်ပြေသွားသည်မှာ အစိုးရနှင့် နီးစပ်သည့် ခရိုနီအချို့ ဘဏ်များနှင့် အမေရိကန်ဒေါ်လာကို ကိုင်ဆောင်အသုံးပြုနေ သည့် လူအနည်းစု အတွက်သာ ဖြစ်နေပြီး ကျန်ပြည်သူ အများစုမှာ မူလကပင် မြင့်တက်နေသည့် ငွေဖောင်းပွမှု ဒဏ်ကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှု ဒဏ်များ ပိုမိုခံစား လာနေရသည်။
ထို့ပြင် ဗဟိုဘဏ်က ဈေးကွက်ကို ဦးဆောင်နိုင်သည့် အနေအထားဖြင့် ဒေါ်လာဈေးကို ဦးဆောင်ခဲ့ခြင်း မဟုတ်ဘဲ မှောင်ခိုဈေးကွက်နောက်ကိုသာ လိုက်ခဲ့ခြင်းဖြစ်သဖြင့် နေ့စဉ်ဒေါ်လာဈေးနှုန်းကို တိုးမြှင့်သတ်မှတ် နေရသည်။ ထိုသို့သော အခြေအနေမှာ ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားလာစေခြင်း၊ ဗဟိုဘဏ်၏ စီမံခန့်ခွဲခြင်း အားနည်းမှု၊ ကျပ် ၉၅၀ ဖြင့်သာ တွက်ချက်ရေးဆွဲထားသည့် ဘတ်ဂျတ်လိုငွေများ ပိုမိုဆိုးရွားစွာ မြင့်တက်လာနိုင်မှုစသည့် အခြေအနေများ ဖြစ်ပေါ်လာစေကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။
 
ဗဟိုဘဏ်၏ နေ့စဉ်ဒေါ်လာဈေး တိုးမြှင့်သတ်မှတ်မှုနှင့် ပြင်ပဈေးကွက် အခြေအနေ
ဗဟိုဘဏ်၏ ဈေးနှုန်းဆွဲတင်မှုကြောင့် တန်ဖိုးမြင့်တက်လာနေသော ဒေါ်လာတန်ဖိုးသည်  ဇူလိုင် ၃ ရက်မှ ၁၀ ရက်အထိ တစ်ဒေါ်လာ တန်ဖိုး ၁၁၂၅ ကျပ်အထိရှိခဲ့ပြီး ဇူလိုင် ၁၃ ရက်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ သို့ ၇၅ ကျပ် ထပ်မံတိုးမြှင့် သတ်မှတ်ထားသည်။ ဇူလိုင် ၁၄ ရက်တွင် ရည်ညွှန်းငွေလဲနှုန်း၏ တစ်ဒေါ်လာ တန်ဖိုးမှာ ၁၂၀၅  ကျပ်ရှိလာပြီး ဇူလိုင် ၁၅ ရက်တွင် တစ်ဒေါ်လာ တန်ဖိုးမှာ ၁၂၁၀ ကျပ်အထိ မြင့်တက်လာသည်။ ဇူလိုင် ၁၄ ရက်မှစ၍ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် ဒေါ်လာတန်ဖိုးသည် တစ်ရက်လျှင် ပျမ်းမျှ  ၅ ကျပ် မြင့်တက်လာပြီး ဇူလိုင် ၁၇ ရက် တစ်ဒေါ်လာ တန်ဖိုးမှာ ကျပ် ၁၂၂၀ အထိရှိလာသည်။ ထိုသို့ ဗဟိုဘဏ်က သတ်မှတ်မှုကြောင့် ပြင်ပဈေးကွက်တွင်လည်း ဒေါ်လာဈေး လိုက်ပါမြင့်တက်ခဲ့ပြီး ဇူလိုင် ၃ ရက်တွင် ပြင်ပပေါက်ဈေး ၁၁၉၀ မှ ဇူလိုင် ၁၃ ရက်တွင် ၁၁၂၀ အထိ ဖြစ်လာခဲ့သည်။
ဇူလိုင် ၁၆ ရက်တွင် ပြင်ပပေါက်ဈေး ၁၂၃၅ ကျပ်ဝန်းကျင် ဖြစ်ပေါ်လာကာ ဇူလိုင် ၁၇ ရက်တွင် ပြင်ပပေါက်ဈေးမှ တစ်ဒေါ်လာ ၁၂၅၂ ကျပ်အထိ ဖြစ်ပေါ်လာခဲ့ပြီး ဇူလိုင် ၁၈ ရက်ညနေပိုင်းတွင် ၁၂၆၀ ၀န်းကျင် ဖြစ်လာခဲ့သည်။
ဒေါ်လာဈေး မြင့်တက်ရသည့် အကြောင်းရင်းများနှင့် ပတ်သက်၍ Facebook တွင် ရေးသားချက်များကို စာရင်းပြုစုထားပြီး ငွေကြေးခ၀ါချခြင်းနှင့် တရားမ၀င် ဈေးကွက်တွင် ကုမ္ပဏီကြီးများက ၀င်ရောက် ကစားခြင်းများနှင့် ငွေမည်းထိန်းချုပ်ခြင်းများနှင့် ပတ်သက်သည့် ဆွေးနွေးချက်များအပေါ် အစိုးရသို့ သတင်းပေးမည်ဖြစ်ပြီး လွှတ်တော်နှင့် ပြည်သူများက စောင့်ကြည့်သွားကြမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၎င်း၏ Facebook စာမျက်နှာတွင်  ဇွန်လတတိယ အပတ်အတွင်း ရေးသားဖော်ပြခဲ့သည်။
Ko Zay Yar အမည်ဖြင့် Facebook သုံးစွဲသူတစ်ဦးက သူရဦးရွှေမန်း၏ Post တွင် ၀င်ရောက်ဆွေးနွေးရာ၌ ဒေါ်လာဈေး မြင့်တက်ရခြင်း၏ “တကယ့်ပြဿနာက ငွေမည်းကို လုံးဝမထိန်းချုပ်နိုင်တာ၊ မထိန်းချုပ် ရဲတာပါ။ တရားမ၀င် ငွေကြေးဈေးကွက်ထဲမှာ နောက်ကွယ်ကနေ ကိုယ်စားလှယ်လွှတ်ပြီး ငွေဝယ်နေတဲ့ ကုမ္ပဏီကြီးတွေ၊ လူတွေရှိတယ်။ ရွှေဘုံသာလမ်းနဲ့ အမေရိကန်သံရုံး ဟောင်းနားက ဆုံမှတ်ပါ။ သူတို့ဘယ်က ငွေတွေနဲ့ ငွေကြေးဈေးကွက်ထဲက ဒေါ်လာတွေကို ၀ယ်ယူနေတာလဲ။ ဘာအတွက်လဲ။ သူတို့ကို စသုံးလုံးက အဆင့်ဆင့် ဖော်ထုတ်ပြီး ဖမ်းလို့ရတယ်။ ဒါပေမဲ့ မဖမ်းရဲဘူး။ မဖော်ထုတ်ရဲဘူး။ အာဏာပိုင် အဆွယ်အပွားတွေ၊ ကိုယ့်လူကြီးတွေ ပါနေလို့ပါ။ ပိုင်ဆိုင်မှုကို မစစ်ဆေးရဲဘူး။ မတားရဲဘူး။ ငုတ်တုတ် ထိုင်ကြည့်နေတယ်။ နောက်ဆုံး ဖိအားဖြစ်လာရင်တောင် ငွေကြေးဝယ်ရောင်းလုပ်တဲ့ ပွဲစားကိုပဲ ဖမ်းပါတယ်။ နောက်ကွယ်က လက်မည်းကို မထိရဲပါဘူး” စသည့်အချက်အလက်များ အပါအ၀င် အချက်အလက်အချို့ အကြံပြုခဲ့ကြောင်း သူရဦးရွှေမန်း Facebook တွင် ဖော်ပြမှုအရ သိရသည်။
ထိုအကြံပြုချက်အပေါ် သူရဦးရွှေမန်း၏ တုံ့ပြန်မှုအဖြစ် လက်ရေးဖြင့် မှတ်ချက်ပြုရာတွင် “ကောင်းတယ်။ အစိုးရကို သတင်းပေးလိုက်မယ်။ စောင့်ကြည့်ကြရအောင်” ဟု တုံ့ပြန်ရေးသား ထားသည်ကို သူရဦးရွှေမန်း၏ Facebook စာမျက်နှာတွင် ဇွန် ၁၆ ရက်က ဖော်ပြခဲ့သည်။
ထို့အတူ အထွေထွေ ကုန်ဈေးနှုန်းမြင့်တက်ရန် ရည်ရွယ်ချက်ဖြင့် ဒေါ်လာဈေးကစား၍ လုပ်ဆောင်နေမှုများကို အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန (စစစ) အပါအ၀င် သက်ဆိုင်ရာ ဌာနအသီးသီးမှ လုပ်ထုံးလုပ်နည်းများ အတိုင်း စိစစ်ဖော်ထုတ်၍ တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မေလလယ်အတွင်း ပြောကြားထားသည်။
အထွေထွေ ကုန်ဈေးနှုန်းမြင့်တက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေမှုများကို သက်ဆိုင်ရာဌာန အသီးသီးမှ လုပ်ထုံးလုပ်နည်းများအတိုင်း စိစစ်ဖော်ထုတ်၍ ဥပဒေနှင့်အညီ ကြပ်မတ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သော်လည်း လက်ရှိအချိန်အထိ ဒေါ်လာဈေးနှုန်း မြင့်တက်ရန် လုပ်ဆောင်သူများကို လက်ရှိအချိန်အထိ ဖမ်းဆီးစစ်ဆေးနိုင်မှု မရှိသေးကြောင်း သိရသည်။
“ဗဟိုဘဏ်အနေနဲ့ အခုက ရွေးစရာလမ်း မရှိသလို ဖြစ်နေတယ်။ တိုင်းပြည်မှာ အရန်ငွေကလည်း နည်းနေတယ်။ လည်ပတ်နေတဲ့ စီးပွားရေးက တရားဝင်ရော တရားမ၀င်ရော။ ကျွန်တော်တို့မှာ ငွေကြေးကဏ္ဍနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကလည်း မရှိတော့ ခန့်မှန်းရခက်တယ်။ ဘယ်လောက်တော့ ဖြစ်လာမလည်း မှန်းရခက်တယ်။ ဒေါ်လာဈေးနဲ့ ပတ်သက်ပြီး ဖမ်းမယ် ဆီးမယ် ဆိုပေမဲ့ ဒေါ်လာအပြင်ဈေးကွက်ထဲကို ဖမ်းမယ်ဆီးမယ်ဆိုပြီး စသုံးလုံးတို့ ဘာတို့ ဆင်းလာတော့ သူတို့က ပျောက်သွားတယ်။ မှောင်ခိုဆိုတဲ့ နေရာမှာလည်း တရားဝင်နဲ့ တရားမ၀င်ဈေးကွက် ဖြစ်နေတဲ့အပြင် ဒီနှစ်ခုကြားထဲမှာ Green Area ဆိုတာ ရှိနေတယ်။ လက်ရှိ အချိန်အထိ နှုန်းရှင်မဖြစ်သေးတာလည်း ထင်ရှားနေတယ်။ မှန်းရခက်တယ်။ စိတ်ပူစရာတွေလည်း ရှိနေတယ်။ ဒီနေ့ဆို အပြင်ပေါက်ဈေးက ၁၂၇၀ လို့ ကြားနေတယ်။ ဒီလိုဖြစ်လာရင် ကုန်ဈေးနှုန်း တက်လာမယ်။ လူနေမှုစရိတ်တွေ တက်လာမယ်။ ဒါတွေက လူမှုရေး၊ နိုင်ငံရေးတွေအပေါ် ဂယက်ရိုက်လာနိုင်သလို တိုင်းပြည်ရဲ့ စီးပွားရေးအပေါ်မှာလည်း ထိခိုက်နိုင်တယ်။ အန္တရာယ်တော့ ရှိလာနေပါပြီ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးကော်မတီဝင် ဦးမင်းခင်က သုံးသပ်သည်။

ဗဟိုဘဏ်၏ လွတ်လပ်မှု အခြေအနေ
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေအရ ဗဟိုဘဏ်သည် လွတ်လပ်ပြီး သီးခြားရပ်တည်ရမည် ဆိုသော်လည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် လွတ်လပ်မှုမရှိသည့်အပြင် သမ္မတရုံးဝန်ကြီး ဦးလှထွန်း၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။
နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးလှထွန်းနှင့် ဗဟိုဘဏ်အကြား အဓိကချိတ်ဆက်နေသူမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဆက်အောင်ဟု ဝေဖန်မှုများ ရှိနေသည်။ ဒေါက်တာဆက်အောင်သည် သမ္မတက ဖွဲ့စည်းထားသည့် အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ၏ အတွင်းရေးမှူး ဖြစ်သည်။ ထို့ပြင် အဆိုပါစီးပွားရေး အကြံပေးအဖွဲ့တွင် ပါဝင်နေသူများမှာ အစိုးရနှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့် Capital Diamond မှ ဒေါက်တာကိုကိုကြီးနှင့် သမ၀ါယမဘဏ်ဥက္ကဋ္ဌနှင့် အသေးစားနှင့် အလတ်စား ငွေရေးကြေးရေးဘဏ်၏ အဓိကရှယ်ယာရှင် ဦးခင်မောင်အေးတို့ ပါဝင်နေသည်။ ထိုသို့ ဗဟိုဘဏ်က ရုတ်ချည်းဒေါ်လာဈေး ခုန်တက်ခဲ့မှုတွင် သမ္မတရုံး၏ ညွှန်ကြားချက် ပါဝင်နေသည်ဟု ဝေဖန်မှုများလည်း ရှိလာခဲ့သည်။
“ဒေါ်လာဈေးစတက်တဲ့ ပထမဆုံးအကြောင်းကို ပြောရရင် ကျွန်တော်တို့က ပို့ကုန်သွင်းကုန်မှာ သွင်းကုန်တွေများတယ်။ ပို့ကုန်နည်းတယ်။ ကားတွေကြောင့်လည်း ပါတာပေါ့။ အစီးရေ ငါးသိန်းပေးသွင်းတယ် ဆိုပါစို့။ တစ်စီးကို ဒေါ်လာတစ်သောင်းလောက် ပေးရတာရှိတယ်။ ဒီသုံးနှစ်မတိုင်ခင်တုန်းက ဘာကားမှ ပေးမသွင်းဘူး။ တစ်ခုတစ်ခု Impact ဆိုတာက ချက်ချင်းမဖြစ်ဘူး။ ဒီနေ့လုပ်လို့ ဒီနေ့မဖြစ်ဘူး။ ဒီသွင်းလာတဲ့ ကိစ္စက ဒီလိုပဲ။ ယာဉ်ကြောပိတ်ဆို့မှု ဆိုတာကလည်း ဒီလိုပဲ။ ဒီနေ့သွင်းလိုက်လို့ ဒီနေ့ ယာဉ်ကြောမပိတ်ဘူး။ ကားတွေတင်သွင်းလာတော့ ဘာဖြစ်လဲ ဒီဇယ်တို့ ဓာတ်ဆီတို့ ပိုသွင်းလာရတယ်။ ကားမရှိတုန်းက မကုန်ဘူးပေါ့။ အခု လူတိုင်းက ကားစီးလာတော့ ဒီဇယ်သွင်းတဲ့ နှုန်းတက်လာတယ်။ နောက်ယာဉ်အပို ပစ္စည်းတွေ သွင်းတယ်။ ဒီလိုသွင်းတာတွေ များလာတာက တစ်ချက်ပေါ့။ ပြီးတော့ ကျွန်တော်တို့ရဲ့ ပို့ကုန်ကလည်း သိပ်ပြီးတက်မလာဘူး။ နောက်တစ်ခါ ဘတ်ဂျက်လိုငွေပေါ့။ ၀င်ငွေမရဘဲနဲ့ ကျွန်တော်တို့က လုပ်နေရတယ်။ တစ်ဖက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ လစာတိုးတယ်။ ၀န်ထမ်းတွေ လစာတိုးတယ်။ ၀င်ငွေက မရှိဘဲနဲ့ ကျွန်တော်တို့က ပိုသုံးနေရတယ်။ နောက်တစ်ခု နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပေါ့။ ကျွန်တော်တို့မှာ ဒီနှစ်က ရွေးကောက်ပွဲရှိတော့ ရွေးကောက်ပွဲ ဖြေ စောင့် ကြည့်နေတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်မလာဘူး။ မလာတော့ နိုင်ငံခြားငွေမရဘူး။ ဒီလိုနောက်ဆက်တွဲတွေ ဖြစ်လာတော့ ကျွန်တော်တို့ဆီ သင်္ကြန်ပြီးစမှာ မြန်မာကျပ်ငွေတန်ဖိုး လျော့ပြီးတော့ ဒေါ်လာဈေးတွေ တက်လာတယ်။ ဒီမှာသူတို့နှုန်းရှင် သတ်မှတ်တာကြောင့်တော့ မဆိုင်ဘူး။ ဈေးကွက်အရ ဒေါ်လာဈေးတက်တာပေါ့။ နောက်ပြီး အရင်တုန်းက ဒေါ်လာဈေးကို ၁၁၀၀ သတ်မှတ်တယ်။ အပြင်မှာ ၁၂၀၀ ဖြစ်နေတဲ့အခါကျတော့ ဘဏ်တွေက ဈေးတွေကပ်ထားတာပဲ ရှိတယ်။ မသိတဲ့သူဆို မရောင်းတော့ဘူး။
အခုကျတော့ ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ ညီတဲ့အခါကျတော့ ဘဏ်တွေက ပြန်ရောင်းလာတယ်။ ပြောရမယ်ဆို သွင်းကုန်မှာ ကျွန်တော်တို့ ကားလုပ်ငန်းရှင်လောက်ပဲ ချက်ချင်းထိတယ်။ ကျန်တဲ့လုပ်ငန်းရှင်တွေက ဘာမှမထိဘူး။ နဂိုထဲက အပြင်မှာ ၁၂၀၀ ၀ယ်နေရတော့ ဈေးနှုန်းက တစ်ခုတည်းဖြစ်နေတဲ့ သဘောပေါ့။ ငွေဈေးတက်တဲ့ အချက်တွေပြောရရင်တော့ အပေါ်က အချက်တွေ ပြောရမှာပေါ့။ ဦးသိန်းစိန် ၁၀၀ တိုးလိုက်ရုံနဲ့ ဘာမှဖြစ်မှာ မဟုတ်ဘူး” ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ဆိုသည်။
လက်ရှိ ဒေါ်လာဈေးမြင့်တက်မှုတွင် သမ္မတအကြံပေးကောင်စီ အပါအ၀င် ပုဂ္ဂလိကဘဏ်များ၏ တိုက်တွန်းမှု ပါဝင်နေသည်ဟု ဝေဖန်သုံးသပ်မှုများ ရှိနေသော်လည်း အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ အနေနှင့်မူ “ဒေါ်လာဈေးမြင့်တက်မှုမှာ ပို့ကုန်မြှင့်တင်ရေးအတွက် အရေးပါသည်ဆိုသော်လည်း မြန်မာနိုင်ငံတွင် မည်သည့်ပို့ကုန်မျှ မည်မည်ရရ တင်ပို့နိုင်သည့် အခြေအနေတွင် မရှိသည့်အတွက် ဒေါ်လာဈေး မြင့်တက်လာရာတွင် ကောင်းကျိုး ၁၀ ရာခိုင်နှုန်းနှင့် ဆိုးကျိုးမှာ ရာခိုင်နှုန်း ၉၀ အထိ ဖြစ်ပေါ်စေကြောင်းနှင့် ငွေဖောင်းပွမှုကို ပိုမိုဆိုးရွားစေသည်ဟု အကြံပြုထားကြောင်း ဒေါက်တာကိုကိုကြီးက ဆိုသည်။ 
ပညာပါတဲ့ ဒေါ်လာဈေး ခုန်တက်သတ်မှတ်မှုလား
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ IMF စသည့် အဖွဲ့အစည်းများမှ ခန့်မှန်းတွက်ချက်ပေးထားသည့် ငွေကြေးဆိုင်ရာ ကိန်းဂဏန်းများကိုသာ အားပြုနေရသည့် အခြေအနေ ဖြစ်နေသည်။ ထိုသို့သော အခြေအနေများအပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများကို လက်ရှိအချိန်အထိ တွက်ချက်ထုတ်ပြန်နိုင်မှု မရှိသေးသည်ကလည်း ဗဟိုဘဏ်၏ အားနည်းမှုကို ထင်ရှားစွာ ထောက်ပြနေသည့် အခြေအနေဖြစ်နေပြီး မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး အခြေအနေများအပေါ် သုံးသပ်သူများအနေနှင့် ဖြစ်နိုင်သည့် ကိန်းဂဏန်းများဖြင့်သာ ခန့်မှန်းတွက်ချက်နေရသည်။ ထို့ပြင် အစိုးရသစ်တာဝန်ယူချိန်မှ စတင်လုပ်ဆောင်ခဲ့သည့် ငွေလဲနှုန်းနှုန်းရှင် သတ်မှတ်ရေးမှာလည်း လက်ရှိအချိန်အထိ လုပ်ဆောင်နိုင်မှု မရှိသေးသော အခြေအနေ ဖြစ်နေသည်။ အဆိုပါအခြေအနေတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို တွက်ချက်မှုမရှိဘဲ မှောင်ခိုဈေးကစားသူများ ဆွဲခေါ်ခဲ့သည့် ကျပ် ၁၂၀၀ သို့ ဗဟိုဘဏ်က ခုန်တက်ခဲ့ခြင်းမှာ ဝေဖန်စရာ ဖြစ်လာခဲ့ကြောင်း ပညာရှင်များက သုံးသပ်သည်။ သို့သော် ဗဟိုဘဏ် အနေနှင့် ပြင်ပဈေးကွက်နှင့် လိုက်လျောညီထွေ ဖြစ်နိုင်သည့် နှုန်းထားကိုသာ ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူက Weekly Eleven ဂျာနယ်သို့ ပြောကြားထားသည်။
“ဗဟိုဘဏ်က ၁၂၀၀ လောက်ဖြစ်ရင် ဈေးကွက်ကို ထိန်းနိုင်မလားဆိုပြီး ဆွဲတင်တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ထိန်းနိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒေါ်လာဈေးမြင့်တက်မှုကို ထိန်းနိုင်ဖို့ဆိုရင် ဘတ်ဂျက်လိုငွေတွေ မြင့်တက်မလာအောင် ထိန်းချုပ်တာ။ အစိုးရအသုံးစရိတ်တွေ လျှော့ချတာ၊ ငွေစက္ကူ ရိုက်ထုတ်တဲ့နည်းနဲ့ ဘတ်ဂျက်လိုငွေ လျှော့ချနေတာ မလုပ်ဖို့ စတဲ့နည်းလမ်းတွေကို လုပ်ဖို့လိုတယ်” ဟု ဦးမင်းခင်က ထောက်ပြသည်။
ထို့အတူ ဗဟိုဘဏ်အနေနှင့် မြန်မာကျပ်ငွေတန်ဖိုးချ၍ ဒေါ်လာဈေးနှုန်းဆွဲတင် လိုက်ခြင်းမှာ ငွေကြေးဈေးကွက် တည်ငြိမ်ရေးအတွက် အဓိကကျသည့် ဖြေရှင်းနည်းမဟုတ်ဘဲ ဗဟိုဘဏ်၏ လုပ်ဆောင်ချက်အချို့မှာ အနာနှင့်ဆေး တည့်သည့်အနေအထား မရောက်ရှိသေးသဖြင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကို ဖြေရှင်းရန်မှာ ရောဂါပင်ရှာဖွေ မရသေးသည့် အခြေအနေပင် ဖြစ်နေကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။
“အမှန်ဆို သူက ဈေးကွက်ကို ဒီလောက်ရှိရမယ်ဆိုပြီး ပြောရမှာလေ။ အခုတော့ သူက ဈေးကွက်ပေါက်ဈေးအတိုင်း လိုက်သတ်မှတ်လိုက်တယ်။ အခုလိုဖြစ်တော့ အပြင်မှာ ဒေါ်လာဈေးကပဲ တက်သွားနိုင်ပြီး စားသုံးသူတွေ အခက်အခဲဖြစ်မယ်။ ကုန်ဈေးနှုန်းက မောက်ကမတွေ ဖြစ်သွားနိုင်တယ်” ဟု  ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက သုံးသပ်သည်။

ဘတ်ဂျက်လိုငွေနဲ့ ဒေါ်လာဈေးမြင့်တက်မှု ပြဿနာ
လက်ရှိ အစိုးရ၏ နောက်ဆုံးဘတ်ဂျက် တောင်းခံမှုအဖြစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ငွေကျပ်ဘီလျံ ၂၀၀၀၀ ကျော် သုံးစွဲမည်ဖြစ်ပြီး တိုင်းပြည်၏ ဘတ်ဂျက်လိုငွေမှာ ငွေကျပ် ဘီလျံ ၃၆၀၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် အစိုးရသစ် စတင်တာဝန်ယူခဲ့သည့် ကာလအတွင်း ဘတ်ဂျက်လိုငွေပေါင်းမှာ ကျပ်ဘီလျံ ၁၂၀၀၀ ၀န်းကျင်အထိ ဖြစ်ပေါ်ခဲ့သဖြင့် ပြည်သူများ ၀န်ထုပ်ဝန်ပိုး ဖြစ်စေသည့် ငွေဖောင်းပွမှုများ၊ ကုန်ဈေးနှုန်း မြင့်တက်မှုများကို ပြည်သူများ ခံစားခဲ့ရကြောင်း သိရသည်။
ထို့ပြင် နှစ်စဉ် ထပ်တိုးဘတ်ဂျက်များ ခွင့်ပြုနေသကဲ့သို့ ယခုနှစ်တွင်လည်း ထပ်တိုးဘတ်ဂျက်များ တောင်းခံနိုင်ပြီး ဆောက်လုပ်ရေး ၀န်ကြီးဌာနကဲ့သို့ နိုင်ငံခြားငွေဖြင့် ပစ္စည်းများ တင်သွင်းရသည့် ဌာနများမှာ ထပ်တိုးဘတ်ဂျက် တောင်းခံလာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။
ထပ်တိုးဘတ်ဂျတ်များ ခွင့်ပြုမည့် အောက်တိုဘာ၊ နိုဝင်ဘာကာလသည် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် အထွေထွေ ရွေးကောက်ပွဲပြုလုပ်မည့် ကာလဖြစ်သည်။ လက်ရှိဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေ စံချိန်တင် များပြားခဲ့မှုမှာ မဲဆွယ်မှုအတွက် အသုံးပြုသကဲ့သို့ ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။   
“ရွေးကောက်ပွဲနီးလာရင် အစိုးရက ဘတ်ဂျက်တွေ အများကြီးသုံးပြီး နိုင်ငံတော်စရိတ်နဲ့ မဲပိုရအောင်၊ လူထုထောက်ခံမှု ရအောင်လုပ်တဲ့ အစဉ်အလာတော့ရှိတယ်။ နိုင်ငံတကာမှာလည်း ဒါမျိုးတွေ လုပ်တတ်တယ်။ အတိအကျ ပြောရရင် ထိုင်းနိုင်ငံမှာ ဒါမျိုးတွေ လုပ်တတ်တယ်။ ရွေးကောက်ပွဲ နီးလာပြီဆိုရင် လယ်သမားတွေကို ပိုက်ဆံပိုချေးဖို့ တောင်းတာမျိုးတွေ၊ အဲဒီလိုအချိန်တွေမှာဆိုရင် လွှတ်တော်က အရေးအကြီးဆုံးပဲ။ အခုနကပြောတဲ့ ငွေစာရင်းပူးပေါင်း ကော်မတီအနေနဲ့က ဒါကိုဘယ်လို ထိန်းညှိမလဲ၊ မသမာမှုတွေ အဂတိလိုက်စားမှုတွေ မဖြစ်အောင် ထိန်းညှိနိုင်ဖို့ အရေးကြီးတယ်။ ယေဘုယျအားဖြင့် ပြောရရင် ဒီအစိုးရရဲ့ နောက်ဆုံး ဘတ်ဂျက်နှစ်လည်းဖြစ်တော့ ကျန်တဲ့နှစ်တွေထက်စာရင် ပိုပြီးတော့ တင်ထားတဲ့ အနေအထား ဖြစ်နေတယ်” ဟု မြန်မာ့နိုင်ငံရေး လေ့လာကျွမ်းကျင်သူ ဦးကျော်လင်းဦးက သုံးသပ်သည်။
အထက်ပါ အချက်များအပြင် လက်ရှိအစိုးရ၏ သက်တမ်းကုန်လုနီး အချိန်တွင် ရန်ကုန်မြို့သစ် စီမံကိန်းကဲ့သို့ ရပ်တန့်ပြီးဖြစ်သည့် စီမံကိန်းတစ်ခု အပါအ၀င် မြို့သစ်စီမံကိန်း ခုနစ်ခုကို အစိုးရက အလျင်အမြန် အကောင်အထည် ဖော်လာခြင်းမှာလည်း ဒေါ်လာဈေးမြင့်တက်စေသည့် အကြောင်းအချက် တစ်ခုဖြစ်နေပြီး အဆိုပါ ရန်ကုန်မြို့သစ် စီမံကိန်းအတွင်းသို့ တရားမ၀င် ငွေကြေးများ ၀င်ရောက်လာနိုင်ဖွယ်ရှိပြီး ငွေဖောင်းပွမှု ပိုမိုဖြစ်ပေါ်လာနိုင်သည့် အခြေအနေ ဖြစ်နေကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တ ညိုညိုသင်းက ပြောကြားသည်။
ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ဆောင်ရာမှ တရားမ၀င်ငွေကြေးများ ပိုမိုဝင်ရောက်လာမှုကြောင့် ပြည်သူများ အနေနှင့် ငွေဖောင်းပွမှုဒဏ်ကို ပိုမိုခံစားရပြီး စားဝတ်နေရေး ပိုမိုကျပ်တည်း လာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အမြဲတစေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အစိုးရအဖွဲ့ဝင်အချို့ အနေနှင့် နားလည်သဘောပေါက်မှု မရှိ ဖြစ်နေရကြောင်း ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောကြားသည်။

ဗဟိုဘဏ်ရဲ့ ဒေါ်လာဈေးမြင့်တက်မှုဂယက် ဘယ်အထိ ဆက်မှာလဲ
မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းရောင်းချနေသည့် စားသုံးကုန်များနှင့် လူသုံးကုန်များ၏ ရာခိုင်နှုန်း ၇၀ ခန့်ကို ပြည်ပနိုင်ငံများမှ တင်သွင်းနေရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဒေါ်လာဈေး မြင့်တက်လာမှုကြောင့် ကုန်ဈေးနှုန်းများမှာ ဇူလိုင်လဆန်းကထက် ရာခိုင်နှုန်း ၂၀ ခန့် ဈေးနှုန်းများ မြင့်တက်သွား ကြောင်းနှင့် အလွန်နည်းပါးသော လစာဖြင့် ရပ်တည်နေရသည့် အထည်ချုပ်လုပ်သားများကဲ့သို့ အလုပ်သမားများမှာ အနည်းဆုံးအခ ကြေးငွေတန်ဖိုး မသတ်မှတ်မီမှာပင် ပိုမို၍ စားဝတ်နေရေး ကျပ်တည်းလာသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။ ထိုသို့ အနည်းဆုံးအခကြေးငွေ မသတ်မှတ်မီ ရက်ပိုင်းအတွင်း၌ပင် ဒေါ်လာဈေးမြင့်တက်လာ မှုကြောင့် အလုပ်သမားများ အပါအ၀င် ပြည်သူများ၏ စားဝတ်နေရေး ပိုမိုကျပ်တည်းလာမှုကို အစိုးရအနေနှင့် တာဝန်ယူဖြေရှင်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း ဦးအောင်လင်းက ဆက်လက်ပြောကြားသည်။
ထိုသို့ ပြည်သူများအကြားတွင် စားဝတ်နေရေး မပြေလည်မှုများ ရှိလာနေသဖြင့် တင်းမာမှုများရှိလာနေပြီး အန္တရာယ်ရှိလာသည့် အနေအထားသို့ ဆိုက်ရောက်နေ ကြောင်းနှင့် ပြည်သူများအကြား တင်းမာမှု များ လျော့ပါးစေရန် အစိုးရက မျှော်လင့်ချက်များ ဖန်တီးပေးရန် လိုအပ်မည်ဖြစ်ကြောင်း ဦးမင်းခင်က ဆက်လက်သုံးသပ်သည်။
လတ်တလောတွင် နိုင်ငံခြားငွေလဲနှုန်း တန်ဖိုးမြင့်တက်သတ်မှတ်မှုအပြင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ ဖြစ်သည့် ပို့ကုန်လိုငွေမြင့်တက်မှု၊ ငွေဖောင်းပွမှု၊ အနည်းဆုံး အခကြေးငွေသတ်မှတ်မှု၊ ဘတ်ဂျက်လိုငွေ များပြားနေမှုစသည့် အချက်များကြောင့် မြန်မာကျပ်ငွေမှာ ဆက်လက်တန်ဖိုးကျဆင်း နေနိုင်ကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာ ရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။ ထိုသို့ ဗဟိုဘဏ်က မြန်မာကျပ်ငွေတန်ဖိုးချ လိုက်ခြင်းကြောင့် လက်ရှိသတ်မှတ်လိုက် သည့် ကျပ် ၁၂၂၀ ထက်ပင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနိုင်သည်ဟု ဒေါက်တာအောင် ကိုကိုက သုံးသပ်သည်။ ထိုသို့ တန်ဖိုးကျဆင်း မှုမှာ ဗဟိုဘဏ်က ထိန်းသိမ်းနိုင်သည့် အခြေအနေသို့ မရောက်မချင်း ဆက်လက်ဖြစ်ပေါ် နေမည်ဟုလည်း ယင်းက ဆက်လက်သုံးသပ်သည်။ လက်ရှိအခြေအနေတွင် ဒေါ်လာဈေးနှုန်း အပါအ၀င် ငွေကြေးဈေးကွက် တည်ငြိမ်ရေးမှာ ဗဟိုဘဏ်တွင်သာ တာဝန်ရှိသကဲ့သို့ ဖြစ်နေပြီး ဖြစ်သင့်သည်မှာ ဗဟိုဘဏ်အပြင် ပြည်ထောင်စု အစိုးရအဖွဲ့တွင်ပါ တာဝန်ရှိလာနေသည့်အတွက် ၀င်ရောက်ဖြေရှင်းရန် လိုအပ်မည်ဖြစ်ကြောင်း ဒေါက်တာအောင်ကိုကိုက ဆက်လက်ပြောကြားသည်။
“ဒေါ်လာဈေးတက်တော့ စားသောက်ကုန်တွေဆိုရင် ရာခိုင်နှုန်း ၂၀ လောက် တန်ဖိုးတက်သွားတယ်။ ဒီလို ရုတ်တရက်တက် လာတဲ့ ကုန်ဈေးနှုန်းကြောင့် အလုပ်သမား တွေအတွက်တော့ တော်တော်လေးကို ဘေး ကျပ်၊ နံကျပ်ဖြစ်လာတယ်။ မြန်မာငွေကြေး ဈေးကွက်ကို ထိန်းချုပ်ဖို့ဆိုပြီး ဗဟိုဘဏ်က ကို ဒီလိုဈေးသတ်မှတ်လိုက်တော့ ပိုပြီးတော့ ကို ဘေးကျပ်နံကျပ်ဖြစ်လာတယ်။ ဒေါ်လာ ဈေးတက်လာရင် သွင်းကုန်တွေ လူသုံးကုန်တွေ ဈေးတက်နေတာကို မထိန်းချုပ်နိုင်တာ တော်တော်ဆိုးပါတယ်။ အခုဆို တစ်လကုန် တော့မယ်။ နောက်ထပ်ရက် ၆၀ ပေါ့။ အနည်း ဆုံးအခကြေးငွေ မကြေညာခင်ရက်မှာပဲ ကုန် ဈေးနှုန်းက မြင့်တက်လာနေတော့ အလုပ်သမားတွေ မျှော်လင့်တဲ့ ၃၆၀၀ ကျပ်၊ ၄၀၀၀ သတ်မှတ်လိုက်ရင်တောင် အလုပ်သမားတွေက ပိန်မသာ လိမ်မသာ အခြေအနေ ပြန်ရောက်သွားတယ်။ ဒေါ်လာဈေးကို ထိန်းချုပ်ဖို့ဆိုတာထက် ကုန်ဈေးနှုန်းကို မြင့်တက်မလာအောင် ထိန်းချုပ်ဖို့က တော်တော်လေးကို အရေးကြီးလာနေပြီလို့ ပြောချင်ပါတယ်” ဟု ဦးအောင်လင်းက ဆိုသည်။

No comments:
Write comments